စစ်အာဏာရှင်စနစ်ပြုတ်ကျရေးသည် မြန်မာနိုင်ငံသားအားလုံးရဲ့တာဝန်ဖြစ်သည်။ မြန်မာပြည်မှာစစ်အာဏာရှင်စနစ် အမြန်ပြုတ်ကျရေးအတွက် အနီးစပ်ဆုံးအရည်အချင်းရှိ ကိုယ်ကျိုးစွန့်အနစ်နာခံတဲ့ ဒီမိုကရေစီခေါင်းဆောင်ကို ၀န်းရံကြပြီး ကျရာအခန်းကဏ္ဍကနေ ပါဝင်တိုက်ပွဲဝင်ကြပါ။ ( ဇာနည်မောင် )

Sunday, September 18, 2011

ကမ္ဘာမကြေဘူး

နှစ်တွေ နှစ်ဆယ့်သုံးတလီတိတိ
ကြာခဲ့ပြီဆိုပေမယ့်မေ့မရသေးဘူး
အတိတ်ဆိုပေမယ့်လည်း
အဲ့ဒီဆိုးညစ်တဲ့ဖြစ်ရပ်ဟာ
ပါးစပ်ရာဇ၀င်တခုမဟုတ်ခဲ့ဘူး --- ။
ဗိုလ်နေ၀င်းကြိမ်းဝါးခဲ့တဲ့
စစ်တပ်ဆိုတာပစ်ရင်မိုးပေါ်ထောင်မပစ်ဘူး
ပစ်ရင်တည့်တည့်ဘဲပစ်တယ်ဆိုတဲ့စကားကို
လက်တွေ့အကောင်အထည်ဖေါ်ပြကာ
ငြိမ်းချမ်းစွာသပိတ်မှောက်တဲ့သူတွေကို
ပစ်သတ်ပြကာ ဒုတိယအကြိမ်အာဏာသိမ်းခဲ့တဲ့နေ့ --- ။
ကိုယ့်တယောက်တည်းအတွက်မဟုတ်ဘဲ
တတိုင်းပြည်လုံး စစ်ဖိနပ်အောက်ကလွတ်မြောက်ရေးဖြစ်လို့
မကြေဘူးဟေ့ --- မကြေဘူးကွ
လူမဆန်တဲ့ မင်းတို့ရဲ့လုပ်ရပ်တွေအတွက်
ငါတို့တွေမှာ သက်သေအထောက်အထားအမြောက်အများနဲ့ --- ။

         ဇာနည်မောင်

Monday, August 8, 2011

ရှစ်ရက်၊ရှစ်လ၊ရှစ်ဆယ့်ရှစ်


နှစ်ဆယ့်ခြောက်နှစ်ကျော်ကြာ
တင်းကြပ်တဲ့ဥပဒေတွေအောက်မှာ
လှုပ်ရှားနေထိုင်ရုန်းကန်နေရတဲ့ဘ၀တွေ
အခပ်မသင့်တဲ့အခါမှာသက်မဲ့တွေတောင်
အကြောင်းပြချက်မျိုးစုံနဲ့ပြဿနာရှာခံရ
အဲ့ဒီစနစ်ဆိုးရဲ့အောက်မှာရှင်သန်နေရတဲ့ဘ၀တွေဟာ
လူသာရှင်တယ်နှလုံးသားတွေကသေနေရတာဘဲပေါ့ --- ။
မတိုးသာမဆုတ်သာဒီဘ၀တွေ
အာဏာကိုသေနတ်ပြောင်းကထုတ်ကာ
စိုးမိုးအုပ်ချုပ်ချယ်လှယ်သူတွေရဲ့
လမ်းညွှန်ပုံသွင်းမှုတွေအောက်မှာ
ကန္တာရခရီးသွားတွေအလား --- ။
ခေတ်မှီတိုးတက်တဲ့အခြားနိုင်ငံတွေနည်းတူ
လွတ်လပ်စွာပြောပိုင်ခွင့်
လွတ်လပ်စွာရေးသားဝေဖန်ပိုင်ခွင့်တွေအတွက်ဆိုရင်
သူတို့အချုပ်အခြာအာဏာတွေကို စွန့်လွှတ်ရမှာကြောက်လို့
အိပ်မက်တွေကိုတောင်လွတ်လပ်စွာမက်လို့မရခဲ့ဘူး
အဲ့ဒီ … အဲ့ဒီလို အကြပ်အတည်းတချို့နဲ့
တခြားတခြားသောအထွေထွေအကြပ်အတည်းတွေကြောင့်
ရှစ်ရက်။ရှစ်လ၊ရှစ်ဆယ့်ရှစ်မှာ
မ.ဆ.လအရေခြုံအာဏာရှင်ကိုတော်လှန်တဲ့
ရှစ်လေးလုံးအထွေထွေသပိတ်ကြီးပေါ်ပေါက်လာခဲ့တယ် --- ။
ဆယ်စုနှစ်နှစ်လီကိုသုံးနှစ်စွန်းလာခဲ့လို့
တချို့တချို့သောအခြေအနေတွေယွင်းသွေခဲ့လည်း
ကိုယ့်နိုင်ငံအရေးမအေးသေးတော့
ပွဲပြီးမီးသေလုပ်ကာအုပ်စိုးသူတွေရဲ့ချယ်လှယ်မှုအောက်မှာ
ဒဏ်ရာတွေသာထပ်တိုးလာခဲ့ --- ။

ဇာနည်မောင်

( ရှစ်လေးလေးပြည်သူ့အရေးတော်ပုံကြီး ၂၃ နှစ်မြောက်အတွက် အမှတ်တရ )

Tuesday, June 14, 2011

သက်သေ

အရာရာဟာတနည်းနည်းနဲ့
စိတ်ပိုင်းရုပ်ပိုင်းတွေအစစအရာရာပြောင်းလဲလာခဲ့ပေမယ့်
သူယုံကြည်ရာအမှန်တရားတွေကတော့
ခေတ်နဲ့အညီပဲခေတ်မှီစွာတိုးတက်ပြောင်းလဲခဲ့တယ် --- ။
အမှောင်ကိုခွင်းအလင်းကိုပြတဲ့အသိဥာဏ်နဲ့
ကြောက်ရွံ့ခြင်းမှကင်းလွတ်ရေးစကားကိုပြော
အပြစ်ကာင်းတဲ့လူသားတွေမဟုတ်ကြပေမယ့်
လူ့ဘောင်တခုတိုးတက်အောင်မြင်ဖို့
အပြန်အလှန်နားလည်စိတ်တွေမွေးပေးနိုင်ရန်
မေတ္တာတရားခေါင်းပါးတာထက်စာရင်
မေတ္တာတရားပေါများတာကပိုကောင်းကြောင်း
အဲ့ဒီစကားတွေကိုသူဆိုခဲ့တယ် --- ။
အရာရာကိုသူ့အစွမ်းအစတွေနဲ့မဖန်တီးနိုင်လို့
မြေမြင်ရဲ့အတိဒုက္ခတွေကို
ယောက်ျားမိန်းမတို့ရဲ့စွမ်းပကားတွေနဲ့
ဝိုင်းဝန်းပြုပြင်ပြောင်းလဲကြရမယ်ဆိုတဲ့
လက်တွေကျတဲ့စကားတွေကိုလည်း
ဟောပြော ပြောဆိုနေတယ် --- ။
သူ့စကားသူ့လုပ်ရပ်နဲ့
အပြောအဆိုအနေအထိုင်တွေ
သဲထဲရေသွန်မဖြစ်ရလေအောင်
လက်တွေ့ကျတဲ့လုပ်ရပ်တွေနဲ့ပဲ
သူကိုယ်တိုင်လုပ်ဆောင်ကာသက်သေပြနေတယ် --- ။
မြေပြင်ရဲ့အတိဒုက္ခဖြစ်စဉ်တွေအားလုံးကို
တိုးတက်ပြောင်းလဲကောင်းမွန်စွာပြုပြင်ပြောင်းလဲစေဖို့
အပြောသက်သက်မဟုတ်ပဲ
တကယ့်လုပ်ရပ်နဲ့သက်သေပြနိုင်တဲ့
အရည်အချင်းရှိတဲ့ခေါင်းဆောင်တွေကို
လက်တွေနဲ့သက်သေပြကာဝန်းရံကူညီပါလို့
မဆုံးသေးတဲ့မနက်ဖြန်များစွာအတွက်
ကြောက်ရွံ့ခြင်းမှကင်းဝေးစွာဆက်ချီတက်ကြပါစို့ --- ။

                                     ဇာနည်မောင်

ကမ္ဘာတ၀ှမ်းမှ ဒီမိုကရေစီအင်အားစုများလေးစားကြသည့် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ ၆၆ နှစ်မြောက်မွေးနေ့ အတွက်

Sunday, May 22, 2011

ပြည်သူ့ဘက်ကရပ်တည်ပါ

အကြိမ်ကြိမ်အခါခါပြန်စဉ်းစားကြည့်တယ်
အပေါ်ယံလား၊တကယ်လား
ပြုပြင်ပြောင်းလဲရေးလား
စကားလုံးလောက်ပဲပြောင်းလဲတာလား
ရာဇ၀င်တွေထုဆစ်
ကျန်ရစ်ခဲ့မယ့်သမိုင်းစာမျက်နှာတွေမှာ
လက်ရေးလှအောင်တော့ထားရစ်ခဲ့ပါ --- ။
စက္ကူကျားလား၊တကယ့်ကျားလားဆိုတာ
ကိုယ့်ကိုကိုယ်မသိ
ကန့်လန့်ကာနောက်ကွယ်ဝင်ကာ
ကြိုးကိုင်ကာညွှန်ကြားနေတဲ့
မျက်လှည့်ဆရာအလိုကျ
လျှောက်ကာ ကနေရရင်တော့
ဝံပလွေတွေသိုးရည်ခြုံထားတာ
မကြာမှီမှာကွက်ကွက်ကွင်းကွင်းပေါ်လာတော့မယ် --- ။
မျက်နှာဖုံးတွေကိုဆွဲဆုတ်လိုက်
သိုးရည်ခြုံထားတဲ့ဝံပလွေတွေကိုရှုတ်ချလိုက်
အမှားအယွင်းတွေမကင်းခဲ့ပေမယ့်လည်း
ပြည်သူ့ကြားကပေါက်ဖွားလာတဲ့ ပြည်သူ့ရဲသားတယောက်ပေမို့
တတ်စွမ်းသမျှအလင်းရောင်ပေးကာ
ကိုယ့်ပြည်သူတွေကိုအလုပ်အကျွေးပြုနိုင်ဖို့
သင့်နှလုံးသားရဲ့ယုံကြည်မှုနဲ့
ပြည်သူ့ဖက်ကရပ်တည်လိုက်စမ်းပါ --- ။

                  ဇာနည်မောင်



Sunday, December 12, 2010

“ လှည့်ကွက် ”

ခရီးမသိလို့လမ်းလွဲနေတာလား -----
မလျှောက်လိုပဲမရောက်တာလား
ဒါမှမဟုတ် --- --- ---
မိစ္ဆာလူဆိုးတွေကပဲ
လမ်းလွဲအောင်လွှဲထားလေသလား
သေချာတာတခုက
တခုခုတော့လွဲချော်နေလို့ပါ --- ။
ငယ်ငယ်တုန်းကလို -----
အဖေနဲ့အမေ့ရင်ခွင်ကိုတိုးဝင်ကာ
လိုချင်တာကိုမရတော့တဲ့ ဒီအချိန်မှာတော့
တခါတလေအစွန်းရောက်မှုတွေကို
ဘ၀ပေးအသိနဲ့ခ၀ါချပြစ်ပါလို့
တရားနည်းလမ်းကျ
မျှတတဲ့အခွင့်အရေးတွေပဲလိုချင်တယ် --- ။
တလမ်းသွားအတွေးအခေါ်ပိုင်ရှင် -----
ဘ၀တ၀က်စံမိစ္ဆာလူဆိုးတွေကတော့
တင်းကျပ်တဲ့ဥပဒေတွေထုတ်
ဒီမိုကရေစီအရေခြုံကန့်လန့်ကာနောက်ကွယ်ကနေ
ဘီလူးဆိုင်းတီးပေးကာ
မင်းသားအက ကခိုင်းဖို့ကြိုးစားနေလေရဲ့ --- ။

              ဇာနည်မောင်

Thursday, December 2, 2010

“ ဝေဒနာ ”

ဘယ်အချိန်ကိုရောက်မှ
လွတ်မြောက်နိုင်ပါ့မလဲ
အကြောက်တရားတွေပေးကာ
ဖိနှိပ်အုပ်ချုပ်သူတွေလက်အောက်မှာ
လွတ်လပ်စွာပြောခွင့်မရလို့
ကြောက်ရွံ့ခြင်းမှကင်းဝေးရာ
အသိတရားတချို့ကို မပြောရဲလို့
ရေငုံနုတ်ပိတ်ဘ၀မျိုးနဲ့နေခဲ့ရ --- ။
တင်းကျပ်တဲ့ဥပဒေတွေနဲ့
ပြောဆို၊ရေးသား
စည်းရုံခွင့်တွေကိုပိတ်ထားလေတော့
ရင်မှာခံပြင်း
လူသာရှင်နေပေမဲ့
ဘ၀သေနေတဲ့
လွတ်လပ်မှုတမ်းချင်း
ဝေဒနာတခုကို
ကျုပ်တို့ကိုမွေးတဲ့ မြန်မာပြည်တွင်းမှာ
ခံစားနေခဲ့ရတာ နှစ်ပေါင်းအလီလီကြာခဲ့သပါ့ --- ။

           ဇာနည်မောင်

ဒီမိုကရေစီ ခေါင်းဆောင်ပြောတဲ့ ဒီမိုကရေစီဆိုတာ